Monday, June 23, 2008

ရွှေဥာဏ်တော်စူးရောက်ပါပေတယ် နအဖရယ်။

နအဖပြောတယ် - မုန်တိုင်းအတွင်း သေဆုံးမှု များပြားခဲ့တာ လယ်ယာမြေထဲမှာ ယာယီတဲထိုးနေထိုင်လို့ တဲ့။

လယ်ယာလုပ်သားများ လယ်ယာမြေအတွင်း၌ ယာယီတဲများထိုး၍ မိသားစုနှင့်အတူ အခြေချနေ ထိုင်ခြင်းကို ခွင့်မပြုတော့ပါဖူးတဲ့။ ဒီ့အပြင် လယ်ယာမြေအတွင်း လယ်ယာလုပ်ကိုင်နေစဉ် အချိန်မှလွဲ၍ ညအိပ်နေထိုင်ခြင်းကိုလည်း ခွင့်မပြုတော့ဖူးတဲ့၊ လယ်ယာမြေအတွင်း တဲများအား ယာယီအနေဖြင့်သာ ဆောက်ရမှာဖြစ်ပြီး အခြေချနေထိုင်ရန်အတွက် အခိုင်အမာဆောက်လုပ်ခြင်းကို တားမြစ်ထားကြောင်း ရန်ကုန်တိုင်းအေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီမှ ပုဂ္ဂိုလ်တစ်ဦးကနေ ပြောပြခဲ့ပါတယ်။ ဒီလို တားမြစ်ထားရတဲ့ အကြောင်းအရင်းကတော့ မိသားစုကို ခွဲခွာ၍သော်လည်းကောင်း၊ မိသားစုနှင့် အတူတကွသော်လည်းကောင်း ကျေးရွာများမှာ မနေထိုင်ဘဲ လယ်ကွင်းများမှာ အခြေချနေထိုင်သူအများစုမှာ နာဂစ်မုန်တိုင်းအတွင်း သေဆုံးမှုများပြားခဲ့ခြင်းကြောင့် နောက်နောင် ယခုကဲ့သို့မဖြစ်ပွားစေရန် ရည်ရွယ်တာ ဖြစ်ကြောင်း သိရပါတယ်။

ဒီသတင်းကြားရတော့ တော်တော့်ကို ရွှေဥာဏ်တော်စူးရောက်ပါပေတယ်လို့  နအဖကို ပြောချင်ပါတယ်။ မုန်တိုင်းလာတော့ ကျေးရွာအိမ်တွေမှာ နေထိုင်ရင်ကော လွတ်မှာကြနေတာဘဲ။ နောက်ပြောတာလည်း ရှိပါသေးတယ်။ အိမ်တွေဆောက်ထားတာ မြေအုတ်တွေနဲ့ ဆောက်လို့  မုန်တိုင်းဘေးကြောင့် အိမ်တွေ ပြိုရတာတဲ့။ ဒီ့အတွက် နောက်ဆို ကျောက်အုတ်တွေနဲ့ ဆောက်ရမယ်တဲ့။ မုန်တိုင်းဘေး ကာကွယ်နိုင်အောင်တဲ့။

နအဖခေါင်းဆောင်တွေရဲ့  ဦးဏှောက်က ချီးဘရိန်းလို့ ပြောရင် နာဦးမယ်။ ဘယ်နယ့် ဗျာ သဘာဝဘေးအန္တရာယ်တွေဖြစ်တဲ့ ရေဘေး လေဘေး မီးဘေးဆိုတာတွေကို ကြိုတင်ကာကွယ်ရေးနည်းပညာတွေ၊ ပညာပေးအသိတရားတွေ၊ ဘေးအန္တရာယ်ကျရောက်စဉ် ကယ်ဆယ်ရေးလုပ်ငန်းတွေကို စနစ်တကျနဲ့  အမြဲတမ်းဆောင်ရွက်ပေးနေရမှာကို နားလည်းမလည် လုပ်လည်းမတတ် လုပ်ချင်စိတ်လည်းမရှိတဲ့ အာဏာရူးဖို့ သက်သက်သာသိတဲ့သူတွေက အတွေးအခေါ်မရှိ ပါးစပ်ထဲတွေ့ ရာပြော ရမ်းရွှီးတွေလုပ်နေကြတာ တကယ်တမ်း အသက်ဆုံးရှူံးကုန်တာ ပြည်သူတွေဘဲ။

အဲ့ဒီပြောနေကြတဲ့ နအဖတွေ အခုလေဘေးကြုံခဲ့ရတဲ့နေရာတွေမှာ ပါးစပ်က လေပေါပြီး ကိုယ်ပြောတဲ့အတိုင်း လာနေကြည့်ပါ၊ လာရှာဖွေစားသောက်ကြည့်ပါ၊ လာပြီးနေထိုင်ကြည့်ပါလား။ တမနက်တောင် ခံမှာမဟုတ်ဖူး။ ဖင်လှန်ပြီး ထွက်ပြေးကြမှာ။ မုန်တိုင်းကျနေခဲ့ချိန်မှာ ဘယ်နအဖနဲ့  နအဖလက်ပါးစေတွေမှ အိမ်ထဲကနေထွက်ပြီး ပြည်သူကို ကယ်တင်ဖို့ မပြောနဲ့  ကိုယ်အိမ်က ပြူတင်းပေါက်မှန်ကလေးတောင် လေ၀င်မှာစိုးလို့  မဖွင့်ရဲဘဲ ကြောက်ကုတ်နေနေကြတာ။

တိုင်းပြည်ကြီးလည်း နစ်နာနေပါပြီ၊ ပြည်သူတွေလည်း သေကြေကုန်ပါပြီ၊ အကျင့်စာရိတ္တတွေလည်း ပျက်စီးလာပါပြီ၊ သယံဇာတတွေလည်း အကုန်ပြောင်နေပြီ၊ ဘာသာရေးလည်း မှေးမှိန်နေပါပြီ၊ ယဉ်ကျေးမှုလည်း ရောထွေးကုန်ပါပြီ၊ စီးပွားရေးလည်း ချွတ်ချူံကျနေပါပြီ၊ ပညာရေးလည်း အဆင့်မရှိတော့ပါဖူး၊ ကျန်းမာရေးလည်း အသက်မရှင်တော့ပါဖူး၊ လှုမှုရေးဆိုတာလည်း မဆောင်ရွက်နိုင်ကြတော့ပါဖူး။ အုပ်ချုပ်ရေးလည်း ချစားပျက်စီးလို့  သုံးမရတော့ပါဖူး၊ ဒီဟာတွေအားလုံးကို ဖျက်ဆီးပြစ်တာ မဆလ န၀တ နအဖအာဏာရှင်တွေဘဲ။

ကျွန်တော်တို့ တိုင်းပြည်မှာ အသိပညာရှင် အတတ်ပညာရှင် အလုပ်သမား လယ်သမားဆိုတဲ့ တိုင်းပြည်ရဲ့ အဓိကလူတန်းစားတွေ နေရာမရ လူတန်းစေ့နေထိုင်နိုင်တဲ့အခြေအနေ မရောက်ဘဲ၊ အတွေးအခေါ်လွဲချော်လွန်းလှတဲ့ အရည်အချင်းမရှိ အသုံးမကျလှတဲ့ အာဏာရူးတွေ နေရာတကာမှာ ဆရာကြီးဟန်ဖမ်းပြီး အသိဥာဏ်မရှိဘဲ အုပ်ချူပ်နေလို့ ဘဲ။

 
/* EOT ----------------------------------------- */